Weclome to Our Mandalay.
D & G Food Centre
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Friday, 02 December 2011 03:56
- Written by မြနှင်းပွင့်
- Hits: 131

ပြည်ထောင်စုမြန်မာနိုင်ငံမှာ နေရာဒေသ၊ တိုင်းရင်းသားမျိုးနွယ်ကိုလိုက်ပြီး စားသောက်ပုံ၊ ၀တ်စားဆင်ယင်ပုံနဲ့ ဓလေ့အယူအဆကတော့ အမျိုးမျိုးဖြစ်နေပါတယ်။ နေရာဒေသအစုံမှာ ကိုယ့်နယ်နဲ့ကိုယ် ဒေသထွက်စားသောက်စရာတွေ၊ ထူးခြားတဲ့စားသောက်စရာတွေ ပေါများလှပါတယ်။ မြန်မာပြည်တွင်းတင်မကပါဘူး နိုင်ငံရပ်ခြားဒေသ များမှာလည်း သူ့ဒေသနဲ့သူ ထူးခြားတဲ့ စားသောက်ဖွယ်ရာတွေ ရှိနေပါတယ်။
မြန်မာတွေ ပြောလေ့ရှိကြပါတယ်။ မန္တလေးက စကား၊ မော်လမြိုင်က အစားတဲ့။ မန္တလေးသူ၊ မန္တလေးသားတွေက ယဉ်ကျေးချိုသာပြီး စကားပြောကောင်းကြသလို မော်လမြိုင်မြို့ကလဲ အစားကောင်းပါသတဲ့။ ဒါပေမယ့် မန္တလေးမြို့အကြောင်း တကယ်သိသူများကတော့ မန္တလေးကို စားသောက်ဖွယ်ရာ အစုံရှိတဲ့မြို့လို့ ဆိုကြပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အလယ်မှာ တည်ရှိပြီး အရှေ့၊ နောက်၊ တောင်၊ မြောက်က ဒေသအလိုက် အစားအစာတွေက မန္တလေးမှာ အကုန်ရှိလို့နေပါတယ်။ ဘယ်ဒေသက အစားအစာကို စားချင်ချင် မန္တလေးမှာ ရနိုင်ပါတယ်။
အဆင်ပြေဆုံး ၀န်ဆောင်မှု
မန္တလေးမှာ အစားစုံစားလို့ရတယ်လို့ 7 Day Shopping Guide ပရိသတ်ကို ပြောလိုက်ပေမယ့် အစားစုံစားဖို့အတွက် နေရာစုံသွားဖို့တော့ လိုနေပါသေးတယ်။ ဘယ်ဆိုင်က ဘာပိုကောင်းတယ်ဆိုတဲ့အချက်ကလေးသိတော့ သွားရတာ၊ စားရတာ ပိုကောင်းလှပါတယ်။ သန့်လည်းသန့်၊ ဈေးနှုန်းလည်းမကြီး၊ သွားရလာရတာကလဲ ဈေးဝယ်ထွက်ရင်း၊ ရုပ်ရှင်ကြည့်ရင်း အဆင်ပြေတဲ့ ဆိုင်လေးတစ်ဆိုင်ကို ပထမဆုံး ညွှန်းဆိုပြပါရစေ။
မန္တလေး ဈေးချိုတော်ကြီး တည်ရှိတဲ့ ၈၄လမ်းအတိုင်း ၃၂လမ်းနဲ့ ၃၃လမ်းကြား၊ ၀င်းလိုက်အဆင့်မြင့်ရုပ်ရှင်ရုံနဲ့ မျက်စောင်းထိုးမှာ သန့်ရှင်းလှပပြီး လူငယ်၊ လူကြီးတို့အကြိုက်ညီစေမယ့် D & G Food Centre ကို ဖွင့်လှစ်ထားပါတယ်။ ဇန်န၀ါရီလ လယ်ပိုင်းက စဖွင့်ခဲ့တာမို့ ဆိုင်သက်တမ်းလဲ ရလာတာနဲ့အမျှ လာရောက်စားသုံးသူများအတွက် ၀န်ဆောင်မှုများကို အဆင်အပြေဆုံး ပေးနိုင်လာတာကို တွေ့လာရပါတယ်။
အခမဲ့တိုက်ကျွေး
D & G Food Centre ရဲ့ ပဲ့ကိုင်ရှင်တွေကတော့ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်ရဲ့ ဇနီး ဒေါ်ယဉ်ယဉ်ထွေးနဲ့ သမီး ငြိမ်းအေးဇော်(ဒီဒီ)တို့ပါ။ ပေ ၂၀ × ပေ ၆၀ ကျယ်ဝန်းတဲ့ နှစ်ထပ်အဆောက်အအုံအတွင်းမှာ လေးအေးပေးစက်တပ်ဆင်ကာ စားသုံးသူများကို အေးမြလန်းဆန်းစေပါတယ်။ ၃၂ လက်မ LCD TV များတပ်ဆင်ထားတာကြောင့် စားသောက်ရင်း ကြည့်ရှုခံစားနိုင်ကြပါတယ်။ ဓာတ်ပုံဝါသနာရှင် ဗီဒီယို ရုပ်ရှင်သရုပ်ဆောင် နောင်နောင်ကလည်း မိခင်နဲ့ နှမဖြစ်သူတို့ရဲ့ ဆိုင်ထဲမှာ သူ့ရဲ့ အနုပညာလက်ရာမြောက် ဓာတ်ပုံများကို ချိတ်ဆွဲပြသထားပါတယ်။
အလင်းရောင်လင်းလင်းထင်းထင်းနဲ့ မိသားစု အပန်းဖြေ စားသောက်ဖို့ အရက်၊ ဘီယာ ရောင်းချခြင်းမပြုသလို ယူဆောင်စားသောက်ခြင်းလည်း ခွင့်မပြုပါဘူး။ ဆေးလိပ် သောက်သုံးခြင်းကိုလည်း တားမြစ်ထားတာမို့ အနံ့အသက် ကင်းကင်းနဲ့ စိတ်ချမ်းသာစေရပါတယ်။ ထူးခြားတဲ့ ၀န်ဆောင်မှုတစ်ခုက ဆိုင်အတွင်းမှာ သောက်ရေသန့် ဘူးကြီးကို Water Cooler နဲ့ အအေးခံပေးထားပါတယ်။ လိုအပ်သလောက် အခမဲ့သောက်သုံးခွင့်ပြုထားတာပါ။ ရေသန့်ဘူး ယဉ်ကျေးမှုပေါ်လာတဲ့နောက်မှာ စားသောက်ဆိုင်တွေက ရေအခမဲ့မပေးတော့ဘဲ ရေသန့်ဘူးရောင်းချလာတဲ့ ကြားမှာ D & G က သောက်ရေသန့် အခမဲ့ တိုက်ကျွေးပြီး ၀န်ဆောင်မှု ပေးထားတာ ကျေနပ်စရာပါ။
အကောင်းဆုံးပြင်ဆင်ချက်ပြုတ်
ဒီလိုပဲ မှာယူတဲ့ စားသောက်ဖွယ်ရာအလိုက် ကြက်သွန်ချဉ်၊ ခရမ်းချဉ်သီးအချဉ်၊ ငရုတ်သီးအချဉ်၊ ဘိတ်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ ဆော့ချဉ် အစရှိတဲ့ အချဉ်အမျိုးစုံကို စားသုံးသူ စိတ်ကြိုက် ပြင်ဆင်ပေးပါတယ်။ ဟင်းရည်ကိုလဲ စွန်တန်ဟင်းရည် သောက်သုံးလိုပါက အခမဲ့ ၀န်ဆောင်မှုပေးတာကို တွေ့ရပြန်ပါတယ်။ ကျွမ်းကျင်တဲ့ စားပွဲထိုးများက စားသောက်သူများရဲ့ လိုအပ်ချက်များကို ယဉ်ကျေးစွာ မေးမြန်းပြီး စာဖိုးမှူးများက လိုအပ်ချက်အလိုက် အကောင်းဆုံးပြင်ဆင်ချက်ပြုတ်ပေးတာကို တွေ့ရပါတယ်။
အစားအစာ မှာယူတဲ့အခါ မိမိ စိတ်ကြိုက် မထည့်ချင်တွေမထည့်ခိုင်းလို့ ရသလို၊ လိုအပ်သလို ပြင်ဆင် ချက်ပြုတ်ကြော်လှော်လို့လည်း ရပါတယ်။ ကိုယ်မကြိုက်တာကိုဖြစ်ဖြစ်၊ ကိုယ်ပြင်ဆင်စေချင်တာကိုဖြစ်ဖြစ် မှာယူတဲ့အတိုင်း ဖြစ်မလာရင် စားသောက်သူများအတွက် စားချင်စိတ် ကုန်သွားစေပါတယ်။ D & G မှာ တွေ့မြင်သမျှ လာရောက်စားသောက်သူများရဲ့ လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေတာကို မြင်ခဲ့ရပါတယ်။ ကိုယ်တိုင်လဲ ကျေနပ်နှစ်သက်မှု ခံစားခဲ့ရပါတယ်။ ၀န်ဆောင်မှုကောင်းကောင်း ပေးထားပေမယ့် ဈေးနှုန်းများကတော့ သင့်တင့်မျှတတာကို တွေ့ရပါတယ်။
စားသောက်ဖွယ်မျိုးစုံရရှိနိုင်
အရှေ့တိုင်းအစားအစာများ၊ အနောက်တိုင်းအစားအစာများအပြင် တိုင်းရင်းသား အစာအစာများကိုပါ ရရှိနိုင်ပါတယ်။ ရာသီပေါ် သီးနှံဖျော်ရည်များနဲ့ ရာသီပေါ်သီးနှံ ရေခဲမုန့်တို့က D & G ရဲ့ သန့်ရှင်းလတ်ဆတ်မှုကို သက်သေပြပြီး လူကြိုက်များနေတာကို တွေ့ရပါတယ်။ အမေရိကန်ထမင်းကြော်၊ ထိုင်းထမင်းကြော်၊ စပိန်ထမင်းကြော်၊ စပါယ်ရှယ် D& G ထမင်းကြော် စတဲ့ ထမင်းကြော်အမျိုးမျိုး၊ ရေညှိထမင်း၊ သီဟိုဠ်စေ့ထမင်း၊ မြေအိုး ထမင်းပေါင်း၊ ခေါက်ဆွဲ ပြုတ်ချို၊ ဆန်ပြားကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ဖက်ထုပ်ကြော် စတဲ့ အကြော်အလှော်များလဲ ရရှိနိုင်ပါတယ်။ ကြက်သားအစာသွပ်၊ ကျောက်ပွင့်သုပ်၊ ဟမ်ဘာဂါ၊ ဆင်းဝှခ်ျ၊ ပြင်သစ်အာလူးချောင်းကျော်၊ ပုစွန်ပေါင်မုန်ကပ်ကြော်၊ ငါးအချောင်းကြော် စတဲ့ စားသောက်ဖွယ်ရာ အကြော်အလှော်တွေ အပြင် အသားစုံအကင်မျိုးစုံ၊ ရာသီပေါ် သီးနှံ ဖျော်ရည်မျိုးစုံနဲ့ ရေခဲမုန့်များပါ ရရှိနိုင်ပါတယ်
ကြက်ကချင်ထမင်း၊ အရှေ့တိုင်းချက်ထမင်း၊ နံရိုးခြောက်ထမင်း၊ စင်းကောထမင်း၊ ပင်လယ်စာအစိုကြော်ထမင်း၊ မက္ကဆီကိုပုဇွန်ထမင်း၊ ကြက်အစိမ်းရောင်ထမင်း၊ ကြက်သားပဲကောထမင်း၊ ကြက်ခြောက်ဂျင်းမွှေးထမင်း၊ ပုဇွန်အာလူးလိပ်၊ ငပိထမင်းကြော်၊ နံရိုးပေါင်းထမင်း ဆိုပြီး စားစရာ အမယ်သစ်များကိုလည်း အမြဲ ဖန်တီးဖြည့်စွက်လျက်ရှိနေပါတယ်။
ဈေးနှုန်းသင့်တင့်
ဈေးနှုန်းများက ပါဝင်တဲ့ အသား၊ ပစ္စည်းကိုမူတည်ပြီး ကျပ် ၁၀၀၀မှ ကျပ် ၂၀၀၀ခန့်အတွင်းသာဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်၊ ၀န်ဆောင်မှု၊ အရသာတို့ကို အဆင့်မြင့်မြင့် ဆောင်ရွက်ပေးထားပေမယ့် ဈေးနှုန်းက သင့်တင့်တာကို တွေ့ရပါတယ်။ D & G မှာ ပိုမိုအဆင်ပြေတာက စားသောက်ဖွယ်ရာ စာရင်း(မီနူး)စာအုပ်ထဲမှာ ဈေးနှုန်းများနဲ့အတူ နမူနာဓာတ်ပုံလေးတွေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ကိုယ်စားချင်တဲ့ ပုံစံ ဟုတ်မဟုတ်၊ ကိုယ့်မှာ ပါတဲ့ ပိုက်ဆံ လောက်မလောက် တစ်ခါထဲ စဉ်းစားခွင့်ရတော့ အဆင်ပြေလှပါတယ်။ စားသောက်ဖွယ်ရာများကို လှပတဲ့ ပြင်ဆင်မှုများနဲ့ လာရောက်ချပေးတဲ့အခါ ဘယ်က စပြီး စားရမလဲဆိုတော တော်တော် စဉ်းစားနေရပါတယ်။
D & G မှာ ကိုယ့်မိသားစုနဲ့အတူ၊ မိတ်ဆွေများနဲ့အတူ လာရောက်စားသောက်နိုင်သလို မွေးနေ့ပွဲတွေ၊ အခမ်းအနားပွဲလေးတွေကိုလည်း ကျင်းပလို့ရပါတယ်။ အပေါ်ထပ်မှာ လူဦးရေ ၅၀လောက်အတွက် သီးသန့် ကြိုတင်မှာကြားပြီး ကျင်းပနိုင်တာကို တွေ့ခဲ့ရပါတယ်။ အစားအသောက်ကောင်းတာတွေ၊ သွားလာရ လွယ်ကူတွေရယ်ကြောင့် အခုနောက်ပိုင်း စာနယ်ဇင်း ရှင်းလင်းမိတ်ဆက်ပွဲတော် ဆက်တိုက် ကျင်းပလာတာတွေ့ရပါတယ်။ ဈေးနှုန်းကလဲ သင့်တင့်တာမို့ အခမ်းအနား ကျင်းပချင်ရင်ဖြင့် ဖုန်း ၀၉-၆၅၀၀၁၇၁ ကို ဆက်သွယ်ကြိုတင်မှာကြားထားနိုင်ပါကြောင်း သတင်းကောင်းပေးလိုက်ပါရစေ။



