MANDALAY

GOLDEN CITY OF ASIA

  • Increase font size
  • Default font size
  • Decrease font size

၂၀၁၀ပြည့်နှစ်အား ကြိုဆိုပါ၏

Home စာပဒေသာ ရေးမိသမျှ တပို့တွဲလ မီးဖုန်းသဘင်ပွဲတော်

တပို့တွဲလ မီးဖုန်းသဘင်ပွဲတော်

E-mail Print PDF

 သဘင်မီးဖုန်းပွဲတော်(မီးပုံးထင်းပူဇော်ပွဲ) ရိုးရာမပျက်ထိန်းသိမ်းဖို့ အစဉ်ကြိုးစားစို့

ကိုထိပ်(မန္တလေး)

    နွေဦးအ၀င် ဆောင်းရဲ့နှုတ်ဆက်ပွဲကတော့ တပို့တွဲလ ဖြစ်ပါတော့တယ်။
    သာစွလေ
    နေလည်းချမ်းမြ၊ လလည်းနှင့်ရီ
    ပီပီမထွန်း၊ တောင်ထက်ဝန်းလည်း
    ဆူးပန်းလဲပေါက်၊ ၀င်းဝင်းတောက်လျက်
    ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့်
    ငှက်ကျေးပျံကြွ၊ ကောင်းကင်လ၀ယ်
    မာဃယှဉ်မှီ၊ ကုံရာသီဟု
    အညီခေါ်မြဲ၊ တပို့တွဲမူ
    မဖွဲ့မိုးလေ။
        ဦးအောင်ကြီး

    မြန်မာဆယ့်နှစ်လရာသီမှာ ၁၁လမြောက်လဖြစ်တဲ့ တပို့တွဲ လရဲ့ အကြောင်းကို ဆယ့်နှစ်လရာသီဖွဲ့ကဗျာများက ဖော်ပြလို့နေပါတယ်။ ဆယ့်နှစ်လရာသီအလိုက် ပြောင်းလဲလျက်ရှိတဲ့ နက္ခတ်တာရာ၊ ပွဲတော်၊ ရာသီဥတုပတ်ဝန်းကျင်ရှုခင်းရှုကွက်အစ ကဗျာဆရာတို့က ခံစားရေးဖွဲ့ ထားကြပါတယ်။

    အော်- လဲ့လဲ့မှုန်ပျံ့၊ မှဲ့မှဲ့တံ့လို့၊ နှံ့တပျံပျံ၊ လက်ပံငုံဖူး၊ ဇရက်ကယ်မြူးလို့၊ ပေါက်ဖူးငယ်လျှံသည်၊ ဂိမှာန်နွေဖက်က ကျင်းတော့ မယ်။
    ဟေမန်အသုံး၊ ကိုက်ဖူးပုရစ်၊ ရွှေချပ်စစ်ကို၊ လေလှစ်တုန်းမို့၊ နောက်ဆုံးနာရီ၊ ကျွန်းကမှီလို့၊ ရောဟဏီမင်း၊ တောက်ပ၀င်း၊ သွင်း သန်ကောင်လယ်၊ တီးနှစ်ချက်လဲ၊ ချိန်စက်ရောက်က၊ သံကောက်မာဃ၊ ကြက်ဓူဝတို့၊ အာကာသတိုင်၊ ခြည်ဝါရောင်ဆင့်၊ ယုန်စန်းပွင့်နှင့်၊ မွန်းတင့်ငယ်ဆိုင်သည်၊ ခရိုင်ရွှေမြို့ လင်းတော့မယ်။

                    ဦးကြင်ဥ
    စာဆိုရှင်များက တပို့တွဲလရာသီအကြောင်း စုံလင်အောင် ရေးသားခဲ့ကြပါတယ်။ ရှေးခေတ်ကလည်း ရေးသားကြပါတယ်။ ယခု ခေတ်လည်း ရေးသားလျက်ပဲဖြစ်ပါတယ်။ မြန်မာ့ဆယ့်နှစ်လရာသီရှုခင်းက စာဆိုဖန်တီးရှင်များအဖို့ အမြဲရေးသားချင်စိတ်ပေါက်အောင် လှပကြည်နူး ဖွယ်ကောင်းလှပါတယ်။
    မြန်မာ့ဆယ့်နှစ်လရာသီရဲ့ ၁၁လမြောက် တပို့တွဲလရဲ့ ဝေါဟာရ ကို အမျိုးမျိုးကောက်ယူခဲ့ကြပါတယ်။ တပို့တွဲဟူသော ဝေါဟာရမှာ တဟူသည် ထန်းကို ဆိုလိုပြီး တပို့မှာ ထန်းပို့- ထန်းဖူး၊ ထန်းခိုင်ဟု  အဓိပ္ပာယ်ရပါတယ်။ တွဲဟူသည် တွဲကျခြင်းကို ဆိုတာကြောင့် ထန်းဖူး၊ ထန်းခိုင်များအောက်သို့ တွဲကျအောင် ထန်းရည်နင်းသောလ လို့ ဦးဖိုးလတ် က အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။
    ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာရတ္ထပကာသနီ ကျမ်းမှာ တပို့တွဲဟူသည် လယ်ယာလုပ်သားတို့ ထမ်းပိုးကိုဆွဲထားသည် ဟုသော အနက်မှလာတယ်လို့ ဆိုပါတယ်။
    တပို့တွဲသည် ပါဠိသက္ကတရှိ ပူပန်ခြင်းအနက် တပါသဒ္ဒါမှ လာကြောင်း၊ ]တပံသူရီယာ တပဌာ နံ ဓာဝယတိ ပလာယတိ}ဟူသော ၀ိဂြိုဟ်ကို ထောက်၍ တပဓာဝယပုဒ်မှ ]နေပူနေရောင်ပျို့ရာအရပ်သို့ ပြေးသွား စေတတ်}ခြင်းကို ခေါ်တယ်လို့ လှေသင်းအတွင်းဝန်မင်းက ဆိုပါတယ်။
    ပညာရှင်အမျိုးမျိုးက မိမိသန်ရာအလိုက် အမျိုးမျိုးဖွင့်ဆိုရှင်းပြ ကြတာဖြစ်ပြီး ပုဂံခေတ် ကျောက်စာများမှာ တ၀ိုင်တွယ်၊ တပို့တွဲ၊ တပိုင်တွယ်၊ တပိုင်တွဲ၊ တပိုတွယ်၊ တပိုအတွယ် ဆိုပြီး အမျိုးမျိုး ရေးသားထားတာကို တွေ့ရပါတယ်။ ရာသီရှုခင်းအရ ထန်းပင်များကို အကြောင်းပြုပြီးအမည်သညာခေါ်ဝေါ် ထားတယ်လို့ ဆိုနိုင်ပါတယ်။
    တပို့တွဲလမှာ  နေ့တာတိုပြီး ညတာရှည်ပါတယ်။ ရက်ပေါင်း ၂၉ရက်ရှိပါတယ်။ တပို့တွဲလကို ရာသီအရ ကုံရာသီ (ဗဆကမေငကျ) ဟုခေါ်ဆိုပြီး ရာသီရုပ်မှာ ရေထမ်းသမားဆင်းရဲသားပုံ ဖြစ်ပါတယ်။ သံကောက်(သော့)ပုံရှိ မာဃနက္ခတ်နှင့် စန်းယှဉ်လပြည့်ပါတယ်။ သရ၀ဏ် နက္ခတ်နှင့်နေမင်းတို့ ယှဉ်ပြိုင်ပါတယ်။ တပို့တွဲလမှာ ပေါက်လဲ ပန်းများပွင့်သောလဟု ]တပို့တွဲ ပေါက်လဲရယ်တဲ့ငုံစီစီ}ဟုလည်း ဖွဲ့ဆို ကြပါတယ်။
    မြန်မာ့ဆယ့်နှစ်လရာသီမှာ ရာသီပွဲတော်များအသီးသီးရှိနေ ပါတယ်။ လရာသီအလိုက်ပွဲတော်များကို လက်ဝဲသုန္ဒရဘွဲ့ရ အမတ်ကြီး သရေသင်္ခယာက သာဓိနပျို့တွင်
    သင်္ကြန်တာကူး    -    တန်ခူးလ
    နှစ်ဦးညောင်ရေ    -    ကဆုန်လ
    စာပလွေခင်း    -    နယုန်လ
    ပဉ္ဇင်းတော်ခံ     -    ၀ါဆိုလ
    စာရေးတံနှင့်    -    ၀ါခေါင်လ
    မြစ်ယံပွဲကြီး    -    တော်သလင်းလ
    ဆီမီးထွန်းချိန်    -    သီတင်းကျွတ်လ
    ကထိန်        -    တန်ဆောင်မုန်းလ
    နတ်ကျင်း        -    နတ်တော်လ
    မြင်းခင်းထွက်ဝင်    -    ပြာသိုလ
    သဘင်မီးဖုန်း    -    တပို့တွဲလ
    ၀ူလုံးသဲပုံ        -    တပေါင်းလ

ဟု ဆယ့်နှစ်လရာသီပွဲတော်များကို ပြဆိုရေးသားခဲ့ပါတယ်။
    တပို့တွဲလရာသီရဲ့ ပွဲတော်ကို သဘင်မီးဖုန်း လို့ ပြဆိုထားပါ တယ်။ သဘင်မီးဖုန်းပွဲဆိုတာကတော့ မီးဖုန်းယာဂုလှူပွဲလို့ အဓိပ္ပာယ် ရပါတယ်။
    မြတ်စွာဘုရားရှင်လက်ထက် တပို့တွဲလမှ တပေါင်းလသို့ အကူး ရှစ်ရက်တာကာလဟာ အလွန်အေးမြပါတယ်။ ၀ိနည်းတော်အရ ရဟန်းတော်များကို မီးလှုံခြင်းကို တားမြစ်ထားပါတယ်။ ဒါပေမယ့် တပို့တွဲ လကုန် တပေါင်းလကူး ရှစ်ရက်တာ ကာလက အလွန်အေးမြတာကြောင့် မြတ်စွာဘုရားရှင်က ရဟန်းများကို မီးလှုံခွင့်ပြုရုံသာမက ဘုရားရှင် ကိုယ်တော်တိုင် မီးလှုံတော်မူလေ့ရှိပါတယ်။ အဆိုပါ အချက်ကို အစွဲပြုပြီး တပို့တွဲလပြည့်နေ့မှာ မီးပုံးသဘင်ပွဲ ဆင်နွှဲလေ့ရှိကြပါတယ်။ ယခုအခါ မီးပုံးထင်းပူဇော်တယ်လို့ သုံးနှုန်းကြပေမယ့် ယခင် စာပေအရေးအသား မှာတော့ မီးဖုန်းသဘင်လို့ ရေးသားကြပါတယ်။
    တပို့တွဲလမှာ မီးဖုန်းသဘင်နှင့်အတူ ကျင်းပလေ့ရှိတာကတော့ ယာဂုအလှူပွဲတော်ပဲဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီးလက်ထက်တော် က ယာဂုအလှူပွဲတော်ကို ကုန်းဘောင်ဆက်မဟာရာဇ၀င်ကြီးတွင် ဖော်ပြ ထားပါတယ်။ ရွှေမြို့တော်လေးပြင်လေးရပ်ရှိ တရုတ်၊ ကုလားမျိုးခြားမှအစ တိုင်းသူပြည်သားအားလုံးတို့က လူတစ်ကိုယ်လျှင် ဆန်တစ်စလယ် ကျစီ စုဆောင်းပြီး ယာဂုကျိုလှူဒါန်းကြပါတယ်။ အဲဒီယာဂုမှာ ကောက်ညှင်း၊  ဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စတာ တွေကို ထည့်ကျိုတယ်လို့ ပါရှိပါတယ်။
    ထိုသို့ ယာဂုကျိုခြင်းမှသည် ထမနဲလို့ ဖြစ်ပေါ်လာတယ်လို့ ယူဆနိုင်ပါတယ်။ ထမနဲကို ထမင်းနှဲ၊ နှမ်းမနဲလို့ ခေါ်ကြပါတယ်။ ထမင်း(သို့)ကောက်ညှင်းကို နှဲခြင်း၊ နှမ်းကိုကဲ၍ထည့်သွင်းခြင်းကြောင့် နှမ်းမနဲ လို့ ခေါ်ကြပါတယ်။ ဒါကြောင့် ယာဂုမှသည် ထမနဲဟူ၍ ဖြစ် လာပြီး တပို့တွဲလမှာ ထမနဲလှူဒါန်းခြင်း၊ ထမနဲထိုးခြင်းဓလေ့များ ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။
    မြန်မာနိုင်ငံအရပ်ရပ်မှာ တပို့တွဲလ ထမနဲပွဲဆိုပြီး ထမနဲ ပူဇော် ခြင်းဓလေ့ကတော့ မြဲလျက်ရှိပါတယ်။ ဒါပေမယ့် မီးဖုန်းသဘင်ဆိုတဲ့ မီးပုံးထင်းပူဇော်မှုကိုတော့ ဒေသအချို့မှာသာ ကျင်းပတဲ့ ပွဲတော်အဖြစ်သာ ကျန်ရှိနေပါတော့တယ်။
    တောင်ကြီးမြို့ စူဠာမုနိဘုရားရင်ပြင်တော်ပေါ်မှာ ရှားမီးပူဇော် ပွဲအဖြစ် ကျင်းပတယ်လို့ သိရပါတယ်။ ရှားမီးပူဇော်ပွဲကို တောင်ကြီး မြို့လယ်ဓမ္မာရုံမှာ ကျင်းပလာရာမှ စူဠာမုနိဘုရားရင်ပြင်တော်ကို ပြောင်း ရွှေ့ကျင်းပလာတယ်လို့ ဆိုတာကြောင့် အစဉ်အဆက် ကျင်းပလာကြောင်း သိရပါတယ်။
    ဒီလိုပဲ ကရင်ပြည်နယ်၊ ကောကရိတ်မြို့နယ်၊ ကျုံဒိုးမှာလည်း မီးပုံပွဲတော်အဖြစ် အစဉ်အလာရှိရှိ ကျင်းပလျက်ရှိတယ်လို့ လေ့လာ သိရှိ ရပါတယ်။
    ယနေ့ခေတ်က အင်တာနက်ခေတ်ဖြစ်နေတော့ ကျွန်တော့် အနေနဲ့ အင်တာနက်အသုံးပြုရင် င်္ခေနဘသသု ပေါ်က သူငယ်ချင်းများ၊ နောက် ရန်ကုန်၊ ဖျာပုံစတဲ့ အောက်ပိုင်းဒေသက မိတ်ဆွေများကိုရော မေးမြန်းကြည့်တဲ့အခါ မီးပုံးထင်းပူဇော်မှုကို မသိရှိကြသူတွေကများပြီး  မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်မှာ ပူဇော်တာကို ကြုံတွေ့ဖူးသူ အချို့သာ ရှိနေပါတယ်။ မန္တလေးသူ၊ မန္တလေးသားများအတွက်ကတော့ မီးပုံးထင်း ပူဇော်ပွဲက အသားကျနေတဲ့ ဓလေ့ရိုးရာအစဉ်အလာပဲဖြစ်ပါတယ်။
    မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်အား ဘုရားဝင်းအတွင်း မှာရှိတဲ့ မီးပူဇော်ရာအုဠ်ပလ’င်တော်မှာ ဘုရားဖူးလာရောက်ကြသူများက အမွေးနံ့သာတို့ဖြင့် ဘုရားရှင်အား အပူဓာတ်ဖြင့် ပူဇော်ကြပါတယ်။ အဆိုပါ မီးပူဇော်ရာပလ’င်မှာ ရေးထိုးထားတဲ့ ကျောက်စာကမ္ပည်း မှတ်တမ်းအရ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား မန္တလေးသို့ ပင့်ဆောင် ရောက်ရှိလာခဲ့သည့်အချိန်မှစပြီး အမွှေးနံ့သာမီးပုံးထင်းတို့ဖြင့် စဉ်ဆက် မပြတ်ပူဇော်ခဲ့တယ်လို့ သိရပါတယ်။
    ထူးခြားတဲ့ မန္တလေးမြို့တော်ရဲ့ အစဉ်အလာကတော့ မိမိ အိမ် မှာလဲ မီးပုံးထင်းပူဇော်ကြတာပဲ ဖြစ်ပါတယ်။ တပို့တွဲလပြည့်နီးတာနဲ့ ဈေးများမှာ မီးပုံးထင်းပူဇော်ဖို့ အိုးကင်းများနဲ့ အမွှေးနံ့သာများကို ရောင်းချတာ မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ အိုးကင်းငယ်များကို ၀ယ်ယူ ပြီး တပို့တွဲလပြည့်နေ့ နံနက် အရုဏ်တက်မှာ ဘုရားရှင်အား အနွေး ဓာတ်ဖြင့် ပူဇော်ကြပါတယ်။
    မန္တလေးမြို့တော်တွင်းက အိမ်တော်တော်များများမှာ ပူဇော်တာ ကိုတွေ့ရပေမယ့် နောက်ပိုင်း အချို့သော မန္တလေးကိုနောက်ရောက်လာသူ များကတော့ မသိကြ၊ မပူဇော်ကြတာလဲ မြင်တွေ့ရပါတယ်။ ဘုရားရှင် အား မီးပုံးထင်းပူဇော်တာဟာ ကောင်းမွန်တဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ ကြားဖြတ် သတိပေးရမှာကတော့ မီးပုံးထင်းပူဇော်ရာမှာ မီးဘေးအန္တရာယ် အတွက်ကိုလည်း သတိထားပြီး ပူဇော်ကြဖို့ကတော့ သတိထားရမယ့် အချက်တစ်ခုပါပဲဖြစ်ပါတယ်။
    ဒီလို မီးပုံးထင်းပူဇော်တဲ့ဓလေ့၊ မီးဖုန်းသဘင်ပွဲတော်ကို မြန်မာ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ရပ်အနေနဲ့ မန္တလေးမြို့တော်က အစဉ် အဆက် ဆောင်ရွက်နိုင်ခဲ့တာကို အထူးပဲ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒီလိုပဲ အစဉ်အလာဓလေ့ကောင်းကို ဆက်လက်ထိန်းသိမ်းကြဖို့ကိုလဲ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
    အထက်မှာဖော်ပြခဲ့တဲ့ ဆယ့်နှစ်လပွဲတော်များအကြောင်း ပါဝင်တဲ့ သာဓိနပျို့ကို လက်ဝဲသုန္ဒရအမတ်ကြီးက သက္ကရာဇ် ၁၁၄၅ခုနှစ် မှာ ရေးသားခဲ့တယ်လို့ ဆရာကြီးဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်း မှာ ဆိုထားပါတယ်။ ကုန်းဘောင်ခေတ်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားလက်ထက်၊ ဆင်ဖြူရှင်မင်းတရားလက်ထက်တို့မှာ အမှုတော်ထမ်းခဲ့တဲ့ အမတ်ကြီးရေးသားခဲ့တာဖြစ်လို့ အဆိုပါခေတ်များ ဆီကတည်းက မီးဖုန်းသဘင်ပွဲ ဆင်ယင်ခြင်းဓလေ့တည်ရှိနေပြီဆိုတာ ခိုင်မာထင်ရှားလှပါတယ်။
    ယနေ့ မြန်မာနိုင်ငံအရပ်ရပ်မှာ ထမနဲပူဇော်ပွဲကတော့ အစဉ် အလာနှင့်အညီ ရှင်သန်လျက်ရှိပါတယ်။ ရှေးမြန်မာမင်းများလက်ထက် ကစပြီး ရိုးရာအစဉ်အလာအတိုင်း ကျင်းပခဲ့ကြတဲ့ မီးဖုန်းသဘင်ပွဲတော် (မီးပုံးထင်းပူဇော်ပွဲ)ကတော့ ဒေသအချို့မှာသာ ကျန်ရှိနေပါတော့တယ်။ ဒေသအချို့ထဲမှာ မြန်မာတို့ရဲ့ နောက်ဆုံးဘုရင် စိုးစံနန်းစိုက်ခဲ့ရာ ရတနာပုံ မန္တလေးရွှေမြို့တော်သူ၊ မြို့တော်သားတို့အနေနဲ့ မီးဖုန်းသဘင်ပွဲတော် (မီးပုံးထင်းပူဇော်ပွဲတော်)ကို စဉ်ဆက်မပြတ်ဆောင်ရွက်ခွင့်ရခဲ့တာ ဂုဏ်ယူ ၀ံ့ကြွားဖွယ်ဖြစ်ပါတယ်။
    ]တပို့တွဲလ ထမနဲထိုးပွဲ}လို့သာ ယနေ့ လူသိများနေတဲ့ ဆယ့်နှစ်လရာသီပွဲတော်မှာ တပို့တွဲလရဲ့ ပွဲတော်က မီးဖုန်းပွဲတော် (မီးပုံးထင်းပူဇော်ပွဲတော်)၊ ယာဂုအလှူပွဲတော်(ထမနဲအလှူပွဲတော်) ရယ်လို့ သိရှိရအောင် ရှာဖွေတွေ့ရှိသမျှ ဖော်ထုတ်ရေးသားလိုက်ရပါတယ်။ ယဉ်ကျေးမှုမြို့တော်လို့ ခေါ်ဆိုရမယ့် မန္တလေးရွှေမြို့တော်သူ၊ မြို့တော်သား များအနေနဲ့ မိမိတို့ ဘိုးဘေးအစဉ်အလာကျင်းပခဲ့ကြတဲ့ တပို့တွဲလရဲ့ ရာသီပွဲတော်အမှန် မီးဖုန်းသဘင်ပွဲတော်(မီးပုံးထင်းပူဇော်ပွဲတော်)နှင့် ယာဂုအလှူပွဲတော်(ထမနဲအလှူပွဲတော်)ကို မျိုးရိုးစဉ်ဆက် ထိန်းသိမ်း ဆက်လက်စောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ခင်ဗျား။
   

 

 

မန္တလေး အလွမ်းပြေ

ရတနာပုံ FC

မြန်မာနေရှင်နယ်လိဂ်  ထပ်ဆင့်ချန်ပီယံ ရတနာပုံ FC ဘောလုံးအသင်း

BarCamp


မကြာမီ ကျင်းပမည်ဖြစ်သည်။

အလည်လာကြသူတွေ

Members : 109
Content : 483
Web Links : 28
Content View Hits : 305867

နှစ်(၁၅၀)ပြည့်မန္တလေး


Newsflash

မကြာမီ မန္တလေး ရတနာပုံမ် ရွှေမြို့တော်ကြီး နှစ် ၁၅၀ ပြည့်ပါတော့တယ်

နှစ် ၁၅၀ပြည့် မန္တလေးမြို့တော်ကို ဂုဏ်ပြခြင်းနှင့်အတူ

မန္တလေးသတင်း၊ မန္တလေးရနံ့များနဲ့ ဒီ နေရာလေးကို ဖန်တီး လိုက်ပါတယ်။

မန္တလေးကို ချစ်သူများအားလုံးအတွက် ဒီနေရာလေးက ကြိုဆိုလျက်ပါ . . . 



Create Your Badge