စကားထာဆိုသည်မှာ
စကားထာဟူသော ဝေါဟာရကို အချို့ပညာရှိများက “စကား+အတ္ထ=စကတ္ထ” ထိုမှ တစ်ဆင့် ‘စကထာ’ ဟု ဆိုကြသည်။ စကား၏အနက် ဟု အဓိပ္ပါယ်ရသည်။
အချို့ကမူ “စကား+ထပန” ဖြစ်ပြီး ရွတ်ဖတ်ရာ စကား ထာပန မှသည် စကားထာ ဟု အမည်တွင်လာသည်ဟု ယူဆကြသည်။ ထပန ဟူသည် သွင်းနှံထားရှိသည် (၀ါ) မြှုပ်နှံထားရှိသည်ဟု အဓိပ္ပါယ်ရှိရာ စကားအတွင်း တစ်စုံတစ်ရာ အနက်၊ အဓိပ္ပါယ် မြှုပ်ထားသော စကားမျိုးဟု ဆိုလိုသည်။
အချို့သော ပညာရှိများကမူ “စကားထာဟူသည်မှာ စကား၏အထာကို ဆိုလိုကြောင်း၊ မြန်မာစကားတွင် သူ့အထာ၊ ကိုယ့်အထာဟု ပြောလေ့ပြောထရှိကြရာ အထာဆိုသော ပုဒ်၏အနက်မှာ အနေအထား သဘောသရုပ်ကို ဆိုလိုကြောင်း၊ ကျွန်တော် သူ၏အထာကို ကောင်းစွာသိပါသည် ဟူသော ပြောစကားတွင် အထာမှာ ထိုပုဂ္ဂိုလ် အနေအထား၊ သဘောသရုပ်ကို ဆိုလိုကြောင်း၊ သို့ဖြစ်၍ စကားထာ ဟူသည်မှာ အကြင်စကားရပ်တစ်ခုခု၏ အနေအထားသဘောသရုပ်ကိုကြည့်၍ အဖြေကိုထုတ်ဖော်ရသည့် စကားမျိုးဖြစ်ကြောင်း” ဆိုကြပြန်သည်။
မြန်မာ့စွယ်စုံကျမ်းတွင် စကားအမျိုးအစားအား
(၁) ကာရန်အားဖြင့် ၀ှက်သောစကားထာ
(၂) ဥပမာအားဖြင့် ၀ှက်သောစကားထာ
(၃) အနက်အားဖြင့် ၀ှက်သောစကားထာ
(၄) စကားလိမ်အားဖြင့် ၀ှက်သောစကားထာ
(၅) သင်္ချာအားဖြင့် ၀ှက်သောစကားထာ
ဟု ခွဲခြားဖော်ပြထားသည်။
ကြည်ဦး၏ မြန်မာ့ရိုးရာစကားထာများစာအုပ်တွင်မူ
(၁) စကားထာရိုးရိုး
(၂) စကားလိမ်
(၃) စကားဝှက်
(၄) ပုစ္ဆာစကားထာ
(၅) သင်္ချာစကားထာ
(၆) ပုံပြင်စကားထာ
ဟု ခွဲခြားဖော်ပြထားသည်။










