ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါ
- Details
- Category: ဆောင်းပါး
- Published on Sunday, 05 February 2012 07:57
- Written by မန္တလာသား
- Hits: 172
ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါ
ကိုထိပ်(မန္တလေး)
ဖေဖော်ဝါရီလကို ရောက်လာတာနဲ့ အင်တာနက်ထဲမှာ Gtalk မှာပဲဖြစ်ဖြစ်၊ Facebook မှာပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်မေးကြလေ့ရှိပါတယ်။ ဖေဖော်ဝါရီမှာဘာနေ့ရှိသလဲတဲ့ . . . ။ မေးတဲ့သူမေးတော့ ဖြေတဲ့သူတွေက ဖြေကြပါတယ်။ ချစ်သူများနေ့ရှိတယ်ပေါ့။
လူငယ်တွေဆိုတော့ အချစ်ကို ရင်ခုန်ခံစားရစ်မူးကြပါတယ်။ ဒီတော့ ချစ်သူများနေ့ဆိုတာ အားလုံးအတွက် ရင်ခုန်စရာပါပဲ။ ဒါပေမဲ့ မြန်မာလူငယ်တွေအားလုံးရင်ထဲမှာ ရှိနေတာ ရှိပါသေးတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့လေ လို့ မေးလိုက်ရင်တော့ . . . . ပြည်ထောင်စုနေ့လို့ ဖြေကြပါတယ်။
ဒီလိုပါပဲ ဦးနှောက်နဲ့ မမှတ်ဘဲ၊ နှလုံးသားနဲ့ မှတ်ထားတဲ့ နေရက်တစ်ခုရှိပါသေးတယ်။ အခြေခံပညာ ၄တန်းအထိ ပညာသင်ကြားဖူးခဲ့ရင်တောင် သိနေ၊ မှတ်မိနေတဲ့ အကြောင်းအရာလေးပါ။ လူငယ်တွေကို ဘာပဲ ပြောနေကြ၊နေကြ မေးကြည့်စေချင်ပါတယ်။ ဖေဖော်ဝါရီ ၁၃မှာ . . . . လို့ ဆိုပြကြည့်စေချင်ပါတယ်။ ဘာများဖြေကြမလဲဗျာ . . .။ ဖေဖော်ဝါရီ ၁၃ဟာ ဗိုလ်ချုပ်မွေးနေ့ပါ . . . လို့ ဖြေကြမှာပေါ့။
အခု ကလေးငယ်တွေရဲ့ တတိယတန်းမြန်မာဖတ်စာ စာအုပ်၊ စာမျက်နှာ ၂၄ မှာ ပါဝင်တဲ့ အောင်ဆန်းဇာနည် ဆိုတဲ့ ကဗျာလေးကို ကျွန်တော်တို့ အားလုံး သင်ကြားခဲ့ရဖူးပါတယ်။ အားလုံးလည်း ဦးနှောက်နဲ့သာမက နှလုံးသားနဲ့ ကျက်မှတ်ခဲ့ဖူးကြမှာပါ။
အောင်ဆန်းဇာနည်ကဗျာရဲ့အစက . . .
ဖေဖော်ဝါရီ ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
ဆိုပြီး စတင်ထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀ကို အကျဉ်းပြဆိုထားတာတွေ အားလုံးမှတ်မိကြပါလိမ့်မယ်။
တစ်ထောင်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား . . . . ဆိုပြီး ကဗျာလေးကို ဆိုခဲ့ကြပါတယ်။ ကဗျာထဲကအတိုင်း ကျွန်တော်တို့ မမေ့ကြပါဘူး။ နှလုံးသားထဲမှာ မှတ်သားထားခဲ့ကြတာပါ။ လူငယ်အချင်းပဲဖြစ်ဖြစ် မေးကြည့်စေချင်ပါတယ်။ ဖေဖော်ဝါရီ ဆယ့်သုံးမှာ လို့ ဆိုလိုက်တာနဲ့ အားလုံး ဒီကဗျာလေးကို ဆိုမိကြမှာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို သိကြပေမယ့် တခြား ခေါင်းဆောင်တွေရဲ့ မွေးနေ့ တွေကိုလည်း သိထားကြရင် ကောင်းမှပါ။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့သလို မြန်မာနိုင်ငံအတွက် အကျိုးဆောင်ခဲ့ကြသူတွေကတော့ အများကြီးပါပဲ။ လူငယ်များအတွက် ခေါင်းဆောင်အချို့ရဲ့ မွေးသက္ကရာဇ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
အာဇာနည် ခေါင်းဆောင်များထဲက ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်)၊ သခင်မြ(၁၂၅၉ ခု၊ သီတင်းကျွတ်လဆန်း ၁၂ရက်)၊ မိုင်းပွန်စော်ဘွား စ၀်စံထွန်း (၁၂၆၉ခု၊ နယုန်လပြည့်ကျော် ၅ရက်)၊ ဒီးဒုတ်ဦးဘချို (၁၈၉၃ခုနှစ်၊ ဧပြီလ ၂၄ရက်)၊ ဦးရာဇတ် (၁၈၉၈ခုနှစ်၊ ဇန်ဝါရီလ ၂၀ရက်)၊ မန်းဘခိုင် (၁၂၆၅ခု၊ တန်ဆောင်မုန်းလဆန်း ၇ရက်)နဲ့ ဦးဘ၀င်း (၁၂၆၃ခု နယုန်လဆုတ် ၁၁ရက်) တို့မှာ မွေးဖွားခဲ့ပါတယ်။
လွတ်လပ်ရေးကြိုးပမ်းရာမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး ဆက်လက်ဆောင်ရွက်ခဲ့တဲ့ ဦးနုကတော့ ၁၉၀၇ခု၊ မေလ ၁၅ရက်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၉၅ခု၊ ဖေဖော်ဝါရီ ၁၄ရက်မှာ ကွယ်လွန်ခဲ့တာပါ။ အခု ဖေဖော်ဝါရီ ၁၄ရက်မှာတော့ ဦးနု ကွယ်လွန်တာ ၁၇ နှစ် ပြည့်မှာပါ။
မြန်မာမှာသာမက ကမ္ဘာပေါ်မှာပါ ထူးထူးခြားခြား ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ကိုတော့ ၁၉၀၉ခု ဇန်န၀ါရီလ ၂၂ရက်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၄ခု၊ နိုဝင်ဘာ ၂၅ရက်မှာတော့ နယူးယောက်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါကတော့ လူငယ်များ သိထားသင့်တဲ့ ခေါင်းဆောင်အချို့ရဲ့ မွေးနေ့တွေပါ။ ဒီလိုပဲ သိသင့်တဲ့ ခေါင်းဆောင်တွေရဲ့ မွေးနေ့တွေ အများအပြားရှိပါသေးတယ်။
ဒါပေမဲ့ ကျွန်တော်တို့ရင်မှာ ဘယ်တော့မှ မမေ့တဲ့ မွေးနေ့ရှိနေကြပါတယ်။ လူငယ်များအဖို့ အချစ်ရေးရာကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေကြပေမယ့် နှလုံးသားအတွင်းပိုင်းမှာ နက်နက်ရှိုင်းရှိုင်းတည်ရှိနေတဲ့ မွေးနေ့ပါ။ ဘယ်အချိန်မှာ မေးမေး မေးကြည့်လို့ ရပါတယ်။
ကိုယ်ကျိုးမဖက် နိုင်ငံအတွက် ဘ၀ကို ပုံအပ်ကာ ဆောင်ရွက်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ကျွန်တော်တို့ လူငယ်တွေက ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အားလုံးရင်ထဲက တစ်ညီတစ်ညွတ်ထဲ ဖြေကြမှာပါ။ ကဲ မေးကြည့်လိုက်ပါ။ ဖေဖော်ဝါရီ ဆယ့်သုံးမှာ . . . .
ကိုထိပ်(မန္တလေး)



