78 shopping centre
- Details
- Category: မန္တလေး ဆောင်းပါးများ
- Published on Wednesday, 23 November 2011 06:46
- Written by မြနှင်းပွင့်
- Hits: 422

အောင်ကျော်ချမ်းအေး မန္တလေး ဟု ခေါ်တွင်အမှတ်ထားရှိခဲ့သော မန္တလေးမြို့တော်ကြီးသည် ခေတ်အသီးသီးဖြတ်ကျော်ပြီးနောက် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြို့ကွက်သစ်များတိုးချဲ့လာခဲ့သည်။ လူနေထူထပ်လာသည်နှင့်အမျှ နေစဉ် ၀ယ်ယူစားသောက်မှုဆိုင်ရာ လူနေမှုပုံစံ(စတိုင်)များလည်း ပြောင်းလဲ လျက်ရှိသည်။ ယခင်က ဈေးများတွင် သွားရောက်ဈေးဝယ်ကြရာက ယခု Super Market၊ Shopping center များတွင် ဈေးဝယ်လာကြသည်။ ယခင်က စားသောက်ဆိုင်များတွင် သွားရောက်စားသုံးခြင်းနည်းသော်လည်း ယခုခေတ်လူငယ်များက စတိုင်အသစ်နှင့်ဖွင့်လှစ်သော Food center များတွင် အခြေကျနေပါပြီ။ ယခင်က စက်ဘီးမြို့တော် မန္တလေး၊ ယနေ့ ဆိုင်ကယ်မြို့တော် မန္တလေး ဖြစ်နေပါပြီ။
မန္တလေး လူငယ်အများစုက ဆိုင်ကယ်ဖြင့် သွားလာကြပြီး ဆိုင်ကယ်အခမဲ့ ရပ်နားနိုင်သည့် နေရာမျာ့း ရှားပါးနေပါသည်။ ဘယ်နေရာသွားသွား ဆိုင်ကယ်အပ်ခ၊ ဆိုင်ကယ်ရပ်နားခပေးဆောင်ရပေမည်။ 78 shopping Centre တွင်မူ ယာဉ်အခမဲ့ ရပ်နားရန် Basement တွင် စီစဉ်ထားရှိပေးရာ သွားရောက်ဝယ်ယူသူများအတွက် ယာဉ်ရပ်နားမှု အဆင်ပြေစေသည်။
မန္တလေးမြို့ အရှေ့ဘက်ခြမ်း အဓိက လမ်းမကြီးတစ်ခုဖြစ်သော ၇၈လမ်းနှင့် ၃၈လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်ရှိ ပေ၁၄၀x၁၇၅ပေအကျယ်တွင် ၇ထပ်အဆောက်အအုံအား 78 Shopping Centre အဖြစ် ဖွင့်လှစ်ထားရှိသည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်တွင် စတင်ဖွင့်လှစ်ပြီး M.G.W Construction., Ltd. က တာဝန်ယူ စီမံအုပ်ချုပ်သည်။ ရတနာပုံဈေးကြီး မီးမသင့်မီကပင် ဖွင့်လှစ်ထားရှိခဲ့သည်။ မြို့အလယ်ပိုင်းကျသကဲ့သို့ မြို့သစ်အသွား၊အပြန်လမ်းနှင့်လည်း ဆက်စပ်လျက်ရှိရာ ဈေးဝယ်လိုသူများအတွက် အဆင်ပြေလှသည်။
ဈေးဝယ်လိုသူများအတွက် ပစ္စည်းစုံ၊ Brand စုံကို တစ်နေရာထဲတွင် ၀ယ်ယူရရှိနိုင်သည်။ ပစ္စည်းအစုံရရှိနိုင်သော City Mart Supermarket ကို မြေညီထပ်တွင် ဖွင့်လှစ်ထားရှိသည်။ မြေညီထပ်မှ အပေါ်ထပ်များသို့ စက်လှေကားများဖြင့် သက်တောင့်သက်သာ ဈေးဝယ်ထွက်နိုင်ပြီး ဓာတ်လှေကားဖြင့်လည်း တက်ရောက်နိုင်သည်။
ပထမထပ်မှစ၍ ဒုတိယထပ်၊ တတိယထပ်များတွင် အ၀တ်အထည်များ၊ နာရီများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အားကစားပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ တယ်လီဖုန်း အပိုပစ္စည်းများစသည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်ခန်းများဖွင့်လှစ်ထားသည်။ ဆိုင်ခန်းများရှေ့တွင် တွန်းလှည်းငယ်များဖြင့် ဖန်စီ ပစ္စည်းများကို ရောင်းချပေးလျက်ရှိသည်။ ပစ္စည်းအရောင်းဆိုင်များအား ဈေးဝယ်သူများအလွယ်တကူ ရှာဖွေနိုင်ရေးအတွက် စက်လှေကားများ၊ ဓာတ်လှေကားအ၀င်များတွင် Light box များဖြင့် လမ်းညွှန်မြေပုံများထားရှိပေးသည်။
အရောင်းဆိုင်များနည်းတူ Beauty Sloonများ၊ Phot shop များ၊ Coffee shop များလဲ ပါရှိရာ ဈေးဝယ်ရင်း အပန်းဖြေလိုသူများအတွက် အဆင်ပြေမည်ဖြစ်သည်။ စတုတ္ထထပ်တွင်မူ ပရိုမိုးရှင်းဧရိယာကို ကျယ်ဝန်းစွာရှိရာ အရောင်းမြှင့်တင်ရေးပွဲများ၊ ဖျော်ဖြေမိတ်ဆက်ပွဲများ ကျင်းပလျက်ရှိသည်။ ကလေးငယ်များအတွက် ပျော်စရာကမ္ဘာလေးက ပဉ္စမထပ်တွင် တည်ရှိသည်။
ကလေးများသာမကပါ။ လူငယ်များအတွက်လည်း ပျော်ရွှင်ကြည်နူးဖွယ်နေရာအဖြစ် Happy World ခေတ်မီကလေးကစားကွင်း တည်ရှိသည်။ သရဲခြောက်သောအိမ်ကြီး၊ သရဲရထား စသော စိတ်လှုပ်ရှားစရာနေရာများအပြင် ကျန်းမာရေးအကြောဖြေစက်က အစ လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေး အပန်းဖြေရန် စီစဉ်ထားသည်။ Happy World တွင် စိတ်အပန်းဖြေခြင်းသာမက တေးစီးရီးမိတ်ဆက်ပွဲများ၊ အကြိုဖျော်ဖြေတင်ဆက်မှုများ၊ အမှတ်တရ လက်မှတ်ရေးထိုးမှုများပါ ဆောင်ရွက်ပေးရာ အမြဲ စည်ကားလျက်ရှိသည်။
အပေါ်အထပ်များကတော့ ရုံးခန်းများနှင့် လူတစ်ထောင်ခန့်ဆံ့သော ခန်းမကျယ်တစ်ခု တည်ရှိသည်။ ရှိုးပွဲများကျင်းပရန် အဆင်ပြေပြီး အပေါ်ဆုံးထပ်တွင် လွတ်လပ်စွာ ပျော်မြူးနိုင်မည်ဖြစ်သည်။ 78 shopping Centre တွင် ဆိုင်ခန်းပေါင်း ၉၆ခန်းနှင့် ရုံးခန်း ၉ခန်း တည်ရှိရာ ဈေးဝယ်လာသူများအတွက် မိမိကြိုက်နှစ်သက်ရာပစ္စည်းများကို Brand အစုံ တစ်နေရာတည်း ၀ယ်ယူရရှိနိုင်မည်ဖြစ်သည်။ ၀ယ်ယူသူများ စိတ်လန်းရွှင်စွာ ၀ယ်ယူရရှိစေရန် Air Con စနစ် အပြည့် တပ်ဆင်ထားရှိပေးထားသည်။
78 Shopping Centre တွင် ရောင်းဝယ်သူများအဆင်ပြေစေရန်အတွက် ပြည့်စုံအောင် စီစဉ်ပေးထားသည့်အပြင် ရာသီအလိုက် ဈေးရောင်းပွဲတော်များ၊ လအလိုက် အထူးဈေးရောင်းပွဲတော်များကို စီစဉ်ကျင်းပပေးလျက်ရှိသည်။ မကြာမီ အောက်တိုဘာလပိုင်းအတွင်း Follow Me အလှကုန် Promotion ပွဲနှင့် အဆိုတော် သရုပ်ဆောင် သဇင်၏ တေးစီးရီး လက်မှတ်ရေးထိုးပွဲများ ကျင်းပရန် စီစဉ်လျက်ရှိသည်။
မန္တလေးမြို့တော်ရှိ မြို့နေ လူတန်းစားအသီးသီးအတွက် ပစ္စည်းစုံ၊ အမယ်အစုံကို ရရှိနိုင်သည့်အတွက် 78 Shopping Centre တွင် အမြဲရောင်းဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။ ပါဝင် ရောင်းချလိုခြင်း၊ ရုံးခန်းဖွင့်လှစ်လိုခြင်း၊ အခမ်းအနားများ၊ Promotion ပွဲများ ကျင်းပလိုပါက 02-73640, 73643 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ လူကြီး၊ လူငယ်၊ ကလေး မကျန်အောင် စိတ်အပန်းဖြေရန် Happy World ကစားကွင်းရှိခြင်း၊ ယာဉ်ရပ်နားမှု အခမဲ့ စီစဉ်ထားရှိခြင်း၊ ပစ္စည်းစုံ ၀ယ်ယူရရှိနိုင်ခြင်းများသည် 78 shopping centre ၏ အားသာချက်များအဖြစ် ရပ်တည်နေရာ မန္တလေးမြို့တော်တွင် ဈေးဝယ်ထွက်ရန်အတွက် အဆင်ပြေသည့် နေရာတစ်ခုအဖြစ် ညွှန်းဆိုလိုက်ရပါသည်။
ဓာတ်ပုံ မောင်ဘဦး(မန္တလေး)



