သြဂုတ်လဖွားများအတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်း

User Rating:  / 0
PoorBest 

 

တစ်လပြီးတစ်လ အချိန်တွေက ရွေ့လျားပြောင်းလဲလို့ နေပါပြီ။ မိုးရာသီကို နှုတ်ဆက်မယ့် သြဂုတ်လသို့ ရောက်ရှိလာပြီလေ။ ဇူလိုင်လ ၂၃ ရက်ကနေ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူတွေက နက္ခတ်ရာသီစက်ဝန်းရဲ့ ၅ ခုမြောက် သိဟ်ရာသီ ဖွားတွေပါ။ မြန်မာလိုလကတော့ ၀ါခေါင်လပေါ့။

 

သြဂုတ်လဖွားတွေက ယောင်္ကျားဆန်တဲ့ စရိုက်ရှိကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သိဟ်ရာသီရဲ့ ကောင်းကင်နက္ခတ် ကြယ်တာရာက ခြင်္သေ့ပုံဖြစ်နေလို့ပါ။ ပုံစံက ရဲရင့်ပြတ်သားကြပေမယ့် နှလုံးသားက အချစ်ကြီးကြတာကတော့ သြဂုတ်လဖွားများပါ။ အချစ်ကို အရှုံးပေးပြီး ချစ်တတ်ကြသူတွေပါ။ အချစ်ကို အရှုံးပေးချစ်တတ်ကြတာကြောင့် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်နေတတ်ကြပါတယ်။

 

 

သြဂုတ်လဖွား သိဟ်ရာသီဖွားတွေအတွက်ကတော့ အချစ်ကို အရှုံးပေးတတ်ကြသူတွေဆိုတော့ သြဂုတ်လဖွားကို ချစ်မိသူတွေက သတိထားပေးရမှာပေါ့။ ကိုယ့်ချစ်သူ သြဂုတ်လဖွားအတွက် အစစ အရာရာ ကိုယ်က ဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာပေါ့။ သြဂုတ်လဖွားတွေအတွက် ကံကောင်းစေတဲ့ အဆောင် ကျောက်တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ပြောင်ခေါင်းစိမ်းပါပဲ။

 

ပြောင်ခေါင်းစိမ်းဆိုတဲ့ မြန်မာအမည်ကတော့ မိုးကုတ်မြို့ အနောက်ဘက် ပြောင်ခေါင်းရွာက ပေါပေါများများ ထွက်ပြီး အစိမ်းရောင်ရှိတာမို့ ပြောင်ခေါင်းစိမ်းလို့ အမည်တွင်သွားတာပါ။ သံလွင်စိမ်းရောင် ရှိတာကြောင့် Olivine လို့လည်း ခေါ်ပါ တယ်။ Peridot လို့လည်း ခေါ်ကြပါတယ်။ အရင်ကတော့ ဈေးကွက်မှာသိပ်နေရာမယူပေမယ့် အခုအခါမှာတော့ အရည်အသွေးကိုမူတည်ပြီး ဈေးနှုန်းကောင်း ရတဲ့ ရတနာတစ်ပါး ဖြစ်နေပါပြီ။

 

ပြောင်ခေါင်းစိမ်းက မာခြင်းအဆင့် ၆.၅ မှ ၇ အတွင်း ရှိပါတယ်။ အစိမ်းရောင် အဆင်းရှိပြီး သံပုရာစိမ်း၊ စိမ်းရွှေဝါရောင်၊ အညိုနုရောင်၊ သံလွင်စိမ်းရောင် ဆိုပြီး အရောင်ကွဲအမျိုးစုံတွေ့ရပါတယ်။ ပုံဆောင် စနစ်ကတော့ Orthorhombic System ဖြစ်ပါတယ်။ သိပ်သည်းဆ ၃.၃၄ ရှိပါတယ်။ ဓာတု ဗေဒအနေနဲ့ မဂ္ဂနီဆီယံသံဆီလီကိတ် ဖြစ်ပါတယ်။ ပျော့ပျောင်းတာကြောင့် ငရဲမီးဒဏ်ကို မခံနိုင်ပါဘူး။

 

ပြောင်ခေါင်းစိမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ အလင်းယိုင်ခြင်းပါပဲ။ ပြောင်ခေါင်းစိမ်းများက ဒွိအလင်း ယိုင်ခြင်း ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျောက်ရဲ့ အောက်ခြေမျက်နှာပြင် အနားစောင်းများကို အထက် မျက်နှာပြင်က ကြည့်လိုက်ရင် စောင်းနှစ်ထပ်ဖြစ်နေတာ တွေ့ရမှာပါ။ အလင်းနှစ်ထပ်ယိုင်တာကြောင့် တစ်ခုကို နှစ်ခု မြင်နေရတာ ထူးခြားချက်တစ်ခုပါပဲ။

 

ပြောင်ခေါင်းစိမ်းများကို မြန်မာ၊ တရုတ်၊ သြစ တြေးလျ၊ ဘရာဇီး၊ တောင်အာဖရိက၊ နော်ဝေ၊ ပါကစ္စ္စတန်၊ ဆောဒီအာရေဗျနဲ့ အမေရိကန်နိုင်ငံ ပြည်နယ်အချို့တို့မှာ ထွက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ မိုးကုတ်မြို့ ပြောင်ခေါင်းဒေသတစ်ဝိုက်မှာသာ ထွက်ရှိတာပါ။ အခြားနေရာများမှာ မတွေ့ရပါဘူး။ မြန်မာ့ပြောင်ခေါင်းစိမ်းက တန်ဖိုးကြီးမားပြီး လှပလှပါတယ်။ အမေရိက အရီဇိုးနား ပြည်နယ်က ထွက်တဲ့ သံပုရာစိမ်းရောင် ပြောင်ခေါင်းစိမ်း ကိုတော့ အကောင်းဆုံးအမျိုးအစားလို့ သတ်မှတ်ကြပါတယ်။

 

တရုတ်နိုင်ငံက ထွက်ရှိတဲ့ ပြောင်ခေါင်းစိမ်းကတော့ အရောင်ဖျော့ပြီး ၂ ကာရက်အောက်သာ ထွက်ရှိပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းများကိုသာ ဈေးကွက်အတွင်း ပေါပေါ များများ တွေ့ရတတ်ပါတယ်။ မြန်မာ့ မိုးကုတ်ပြောင်ခေါင်းစိမ်းများကတော့ အရည်အသွေးကောင်းပြီး အရောင်လှပါတယ်။

 

မိုးကုတ်မှာ ပြောင်ခေါင်းစိမ်းရှာဖွေကြတဲ့အခါ ညဘက်မှာ အရှာထွက်လေ့ရှိကြပါတယ်။ လရောင်အောက်မှာ ရှာဖွေတာက ပြောင်ခေါင်းစိမ်း ထွက်ရှိရာကို ပိုမို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ညဘက် လရောင် အောက်မှာ ပြောင်ခေါင်းစိမ်းအရှာ ထွက်ကြပြီး နေ့ဘက်မှာ တူးဖော်ကြလေ့ရှိပါတယ်။

 

ပြောင်ခေါင်းစိမ်းက အသားနုတဲ့အတွက် အရောင်တင်ဖို့ ဗနီ ကာအရည်ကို အသုံးပြုကြပါတယ်။ လှပတဲ့ အစိမ်းရောင် ပြောင်ခေါင်းစိမ်းက သြဂုတ်ဖွားတို့ရဲ့ အလှကို ပံ့ပိုးပေးနေမှာပါ။

 

ပြောင်ခေါင်းစိမ်းရဲ့ ထူးခြားချက်လေးတွေ ရှိနေပါသေးတယ်။ မကောင်းဆိုးဝါးတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့စေပါတယ်။ ပန်းနာရင်ကြပ်ရောဂါကို သက်သာရာရစေပါတယ်။ မကောင်းတဲ့အိမ်မက်များကို မမက်စေပါဘူး။ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ချောက်ခြားခြင်းတို့ကို သက်သာလျော့နည်းစေပါတယ်။ စိတ်ကို ကြည်လင်သန့်ရှင်းစေပြီး ကိုယ်ခန္ဓာကို ခွန်အားပြည့်ဝစေပါတယ်။ ပြောင်ခေါင်းစိမ်းနဲ့ ပြုလုပ်ထားတဲ့ခွက်ကို ဆေးဝါးသောက်သုံးရာမှာ အသုံးပြုပါက ဆေးဝါးအစွမ်းပိုမိုထက်မြက်တယ်လို့ သိရပါတယ်။

 

သြဂုတ်လဖွားအတွက် မွေးနေ့လက်ဆောင်ကတော့ အစိမ်းရောင် ပြောင်ခေါင်းစိမ်း လက်ဝတ်ရတနာလေးဆို သူ့အတွက် အဆောင်ရတနာအဖြစ် တစ်သက်လုံး သိမ်းထားရမှာပါ။ ချစ်သူတို့ရဲ့ အမှတ်တရဖြစ်ဖြစ်၊ သူငယ်ချင်းအချင်းချင်း အမှတ်တရဖြစ်ဖြစ် ထာဝရသိမ်းထားရမယ့် လဖွားအဆောင်ရတနာလေးကို လက်ဆောင်ပေးလိုက်မယ်ဆိုရင်ဖြင့် မွေးနေ့ရှင်တို့က အမြဲအမှတ်ရနေမှာပါ။

 

ဒီတော့ သြဂုတ်လဖွားတို့အနေနဲ့ ကိုယ်တိုင်ပဲ ၀ယ်ဝယ်၊ အခြားသူကပဲ အလိုက်တသိ လက်ဆောင်ပေးပေး ကိုယ့်ရဲ့ ကံဇာတာကို အထောက်အကူ ပြုစေမယ့် အဆောင်ရတနာတစ်ပါးဖြစ်တဲ့ ပြောင်ခေါင်းစိမ်းကို ရှာဖွေ ဆောင်ထားဖို့ လိုအပ်နေပါပြီ။

 

သြဂုတ်လဖွားတို့အတွက် အစိမ်းရောင်ရတနာ ပြောင်ခေါင်းစိမ်းက မွေးလအလိုက် အဆောင်ရတနာလေးနော်။

 

ထိပ်တင်အောင်

 

Additional information