မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား(ပြည်ချစ်ဘုရား)ရင်ပြင်တော်ကွင်းပြင်တွင် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို ငါးကြိမ်မြောက်အဖြစ် အောက်တိုဘာ ၂၉ရက်မှ နိုင်ဝင်ဘာ ၂ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်သည်။
အောက်တိုဘာ ၂၉ရက် ညနေ ၅နာရီတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး ပန်းပွာအက၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက၊ ဘင်ခရာအဖွဲ့များနှင့်အတူ အင်အား ၁၀၀၀၀ကျော်ပါဝင်ကာ မီးရှူးမီးပန်းများပစ်ဖောက်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံပျံလွှတ်ပွဲတော်နှင့်အတူ မသိုးသင်္ကန်းရက်ပွဲ၊ ဆီမီး ၉၀၀၀ပူဇော်ပွဲ၊ မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။
နေ့စဉ် နေ့ပိုင်း အရုပ်အလှမီးပုံးပျံများ၊ ညပိုင်း စိန်နားပန်၊ ညမီးကျည်မီးပုံပျံများကို အဖွဲ့အသီးသီးက လွှတ်တင်သွားမည်ဖြစ်သည်။ ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ပန်တျာဟန်ရှိန်းထက်၊ ပန်တျာဖြိုးကို၊ ပန်တျာရဲမင်းစိုးတို့ခေါင်းဆောင်ပါဝင်သော ရွှေမန္တလေး ဇာတ်သဘင်က ၀င်ကြေး လူကြီး၁၀၀၀ကျပ်၊ ကလေး၅၀၀ကျပ်ဖြင့် ညစဉ် ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။
တေးဂီတဖျော်ဖြေပွဲအဖြစ် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၁ရက်အထိ B.P.M Music Band, Married For The Pain Music Band, Fever 109 Music Band(အဒီနိုအဖွဲ့)တို့၏ တီးခတ်မှုနှင့်အတူ စိုင်းစိုင်ခမ်းလှိုင်၊ ကျားပေါက်၊ L လွန်းဝါ၊ နောနော်၊ လှိုင်ဦးမော်၊ Wai လျှံ၊ ချောစုခင်၊ Jenny၊ ဇမ်နူး၊ N ကိုင်ရာ၊ ခင်ဘုဏ်း၊ မိုဟေမန်ခင်၊ နှင်းနန္ဒာအေး၊ သူသူ၊ စုလှိုင်ဝင်းနု(Melody World)တို့က ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်ရာ ၀င်ကြေး ၅၀၀၀ကျပ် သတ်မှတ်ထားရှိသည်။
ထို့ဖြင့် ကြည်သာ(ပွဲကြိုက်ခင်)နှင့် Five Star လူရွှင်တော်အဖွဲ့တို့၏ ပျော်တော်ဆက်အစီအစဉ်များ၊ ချိုသံလွင်တေးဂီတဖျော်ဖြေရေး၏ မော်ဒယ်ရှိုး၊ မြန်မာအကနှင့်တေးသီချင်းဖျော်ဖြေမှုများကိုလည်း အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။
ဈေးရောင်းပွဲတော်အား ဆိုင်ခန်းပေါင်း ၄၀၀ခန့်စီစဉ်ထားရှိ ပစ္စည်းစုံလာရောက် ရောင်းချနိုင်ရေး၊ အထူးအရောင်းမြှင့်တင်ရေးများ၊ ကံစမ်းမဲအစီအစဉ်များဆောင်ရွက်ထားရှိနိုင်ရေး စီစဉ်ထားရှိသည်။
ထို့အပြင် ယခုနှစ်အထူးအစီအစဉ်အဖြစ် ပွဲတော်လာရောက်ကြသူများ ညပိုင်းတည်းခိုရေး အဆင်ပြေစေရန်အတွက် ပွဲတော်ကွင်းအတွင်း ၁၀ပေပတ်လည် တည်းခိုနားနေအခန်း ၁၀၀ကျော်စီစဉ်ထားရှိပေးသွားမည်ဖြစ်သည်။
ယခုနှစ်ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဓမ္မပဒညီအစ်ကိုများအဖွဲ့က ဦးဆောင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။










